Screen Time လည်း မလျှော့နိုင်ဘူး မျက်စိလည်း မထိခိုက်ချင်ဘူး ဆိုရင်
Screen Time များတာက မျက်လုံးကျန်းမာရေးအတွက် မကောင်းဘူး ဆိုတာ သိထားပေမယ့်လည်း ဒီနေ့ခေတ်မှာတော့ ရှောင်လွှဲလို့ မရနိုင်ပါဘူး။ လေ့လာသင်ယူစရာတွေ၊ လူမှုရေးအရ၊ စီးပွါးရေးအရ ဆက်သွယ်မှုတွေ၊ Digital ပိုင်းနဲ့ အသက်မွေးနေရသူတွေအဖို့ Screen Time က မပါမဖြစ်ပါပဲ။
Screen Time များရင်
- မျက်လုံး အားနည်းတာ
- ခေါင်းကိုက်တာ
- အမြင်အာရုံ ဝါးလာတာ
- မျက်လုံး ခြောက်သွေ့ပြီး ယားယံ လာတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် Digital နဲ့ ပတ်သက်ပြီး အလုပ်လုပ်ရသူ၊ Screen နဲ့ ပတ်သက်ပြီး အလုပ်လုပ်နေရသူတွေ အနေနဲ့ မျက်စိထိခိုက်မှု အနည်းဆုံး ဖြစ်စေမယ့် နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ရပါတယ်။
(၁) ပုံမှန် အနားယူ ပေးပါ။
Screen Time နဲ့ ပတ်သက်ပြီး အလုပ်လုပ်နေရပြီ ဆိုရင် မျက်လုံးကို အနားယူပေးဖို့ လိုပါတယ်။ မျက်လုံးအနားယူတာနဲ့ ပတ်သက်ပြီး အသုံးများတဲ့ နည်းလမ်းကတော့ Screen ကို မိနစ် (၂၀) ကြည့်ပြီးတိုင်း ပေ(၂၀) အကွာမှာ ရှိတဲ့ အရာဝတ္ထုကို စက္ကန့် (၂၀) လောက် စိုက်ကြည့်ပြီး အနားယူပေးခြင်းက မျက်လုံးထိခိုက်မှု လျှော့ချပေးပါတယ်။
(၂) အကွာအဝေး တစ်ခု သတ်မှတ်ထားပါ။
Screen နဲ့ မျက်လုံးရဲ့ အကွာအဝေးက မနီးလွန်း၊ မဝေးလွန်း ဖြစ်ရပါမယ်။ စမတ်ဖုန်း အသုံးပြုသူတွေအတွက် မျက်လုံးနဲ့ (၁) ပေ အကွာ၊ ကွန်ပျူတာ အသုံးပြုတွေသူအတွက် မျက်လုံးနဲ့ (၂) ပေအကွာ၊ TV ကြည့်သူတွေ အတွက်တော့ မျက်လုံးနဲ့ (၁၀) ပေ အကွာကနေ အသုံးပြုသင့်ပါတယ်။
(၃) Screen Time အချိန် ကန့်သတ်ပေးပါ။
လုံးဝ မသုံးတာမျိုး မဟုတ်ဘဲ တစ်နေ့တာမှာ အချိန် ဘယ်လောက် သုံးမယ် ဆိုပြီး ကန့်သတ်ထားတာ၊ ကွန်ပျူတာနဲ့ စာဖတ်တာတွေထက် စာအုပ်နဲ့ စာဖတ်ဖို့၊ ညအိပ်ချိန်တွေမှာ ဖုန်းကို ဝေးဝေးထားအိပ်ဖို့ စတဲ့ နည်းလမ်းတွေနဲ့ Screen Time ချိန်ကို ကန့်သတ်ပေးထားသင့်ပါတယ်။
(၄) အကာအကွယ် ရယူပါ
Screen တွေကနေ ထွက်တဲ့ အပြာရောင် အလင်းတန်းတွေက မျက်လုံးကို ထိခိုက်စေတာကြောင့် အကာအကွယ် ပေးနိုင်တဲ့ မျက်မှန်တွေကို Screen နဲ့ အလုပ်လုပ်ရချိန်တွေမှာ အသုံးပြုပေးခြင်းကလည်း မျက်စိထိခိုက်တာတွေကို လျှော့ချပေးနိုင်ပါတယ်။
ရေရှည်မှာ Screen Time များတာက မျက်လုံးကျန်းမာရေးတွေ အပြင် အထိုင်များပြီး ကိုယ်လက် လှုပ်ရှားမှု အားနည်းတာကြောင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်တာတွေ ဖြစ်လာနိုင်ပါတယ်။ အဝလွန်လာတာ၊ ဇက်ကြောတက်တာ၊ နှလုံး သွေးတိုးရောဂါတွေလည်း ဖြစ်နိုင်ချေ များတာကြောင့် Screen Time ကို တတ်နိုင်သမျှ အနည်းဆုံး လျှော့ချကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
ယုဝါ (ဆေးဝါး ကျွမ်းကျင်)